Friday, September 5, 2008

Self-Kindness


မိမိကိုယ်ကို သနားငဲ့ညှာခြင်း

ရေချမ်းငယ်ငယ်က ကားမောင်းစသင်တော့ အသက် ၁၅ နှစ်ဝန်းကျင်။ အဖေ့ Chavrolet Marlibu ကားကြီးနဲ့။ နံပါတ်ကလည်း မှတ်မှတ်ရရ ဇ/၃၀၀၀ ။ လှိုင်မြို့နယ်ထဲက ပဲခွဲတဲ့စက်ရုံဝင်းထဲမှာ လှည့်ပတ် မောင်းခိုင်းတယ်။ ပစ်စတင် ၆လုံးထိုးကားကြီး။ အလျားက လေးဘီးကားနှစ်စီးစာလောက်ရှိတယ်။ဘယ်ညာ ကွေ့မယ်ဆို Steering Clearance က ၁ပတ်ခွဲလောက်ရှိတယ်။ ချွေးဒီးဒီးကျပါလေရော။ အဖေ့ကိုကြောက်တာတမျိုး။ စမောင်းကာစ ရင်တုန်တာတမျိုး။ တစ်ခုခုကို ဝင်တိုက်မိမှာကို စိုးရိမ်တာတမျိုးနဲ့။ အိမ်ပြန်ရောက်တော့ လူကတုန်တုန်ရင်ရင်နဲ့ ဖြစ်နေသေးတယ်။ အိမ်မှာအဖေ့မိတ်ဆွေ ဆရာဦးအောင်စိုးက အဖေ့ကိုစောင့်နေတယ်။ ဇ/၃၀၀၀ မူလပိုင်ရှင်။ သူကဒီကားကြီးကို သံရုံးလေ လံဆွဲတဲ့ ကုလားတွေဆီကဝယ်ပြီး နှစ်တော်တော်ကြာကြာစီးခဲ့တယ်။ အဖေက ရေချမ်းကို ကားမောင်းသင်ပေးပြီး ပြန်လာကြောင်းပြောပြတော့ ဆရာ ဦးအောင်စိုးက ခေါင်းတညိမ့်ညိမ့်နဲ့ တသက်လုံးမမေ့နိုင်တဲ့ စကားတစ်ခွန်းပြောတယ် “လူဆိုတာ ကိုယ့်ဟာကိုယ် မသနားရဘူး၊ မညှာရဘူး။ ဆရာတို့ ငယ်ငယ်ကဆို ကိုယ့်ကိုကိုယ် ကျွဲတစ်ကောင်လိုသဘောထားပြီး တအားရုန်းတာ။ ယောက်ျာတွေတတ် သင့်တာအကုန်သင်၊ ကစားကြ၊ ဒဏ်ရာရကြ အသားတွေလည်းမည်းသည်းနေတာပဲ။ ကိုယ့်ကိုကိုယ်ညှာ နေရင် လူကပျင်းတဲ့စိတ် ကပ်ပါလာရော။ ကိုယ့်ကိုကိုယ်မသနားနဲ့ မညှာနဲ့” တဲ့။ ဒါကြောင့်ထင်ပါရဲ့။ အဖေဟာ အခုအသက် (၅၀) ကျော်အထိ အိမ်ကသရက်ပင်ကြီးပေါ် ကြိုးတစ်ချောင်းနဲ့တက်ပြီး သရက် သီးခူးနေတုန်း၊ နှစ်ထပ်တိုက် ခေါင်မိုးပေါ်က သစ်ရွက်ခြောက်တွေ တက်ရှင်းနေတုန်း။

တစ်ရက် ရေချမ်းအဖေ့အိမ်ရောက်တော့ အဖေတကုပ်ကုပ်နဲ့ မှန်တွေဖြတ်နေတယ်။ ဘယ်လက်ဖျံ မှာလဲစွပ်ကျယ်စ တစ်ခုပတ်လို့၊ စွပ်ကျယ်စမှာသွေးကစို့နေသေးတယ်။ အလန့်တကြား မေးကြည့်မိတော့ ခုနကမှ မှန်ကွဲရှလို့တဲ့။ ၂လက်မလောက် ဟက်တက်ကွဲပြီး သွေးရွှဲနေတာကို သူ့စွပ်ကျယ်နဲ့ သူပတ်ပြီး ပြီးအောင်ဆက်လုပ်နေတယ်။ ငါးမွေးးကန်လုပ်နေသတဲ့။ ဘယ်လိုအဖေပါလိမ့်။ ရေချမ်းတို့များ ၇မိုင်ခွဲ အဖေ့အိမ်ကနေ လှည်းတန်းအထိ အသွားအပြန် အဖေနဲ့လိုက်ပြေးရတာ နောက်နေ့ အဆုတ်အအေးမိ ပါလေရော။ မိမိဘဝအတွက် ဘဝကိုလှမ်းလျှောက်နေကြရာမှာ ပုံစံမျိုးစုံနဲ့ ဇီဝခန္ဓာကို အရင်းပြုလျှောက် ကြရတာပါပဲ။ မိမိကိုယ်ကို ဂရုစိုက်တာနဲ့ မိမိကိုယ်ကိုသနားတာ မတူနိုင်ပါဘူး။ ပျင်းရင်ဖျင်းသွားတတ်သ တဲ့။ ရှေးလူကြီးတွေပြောတာ။ နေ့လည်နေ့ခင်းများ ဟိုနားဒီနား ကျောခင်းအပျင်းကျောဆန့်နေရင် အဖွား ကရေချမ်းကို “အစားအသောက် မီးလိုတောက်၊ အလုပ်အကိုင်ခွေးလိုမှိုင်” လို့ကြားအောင်ကိုပြောတတ် တယ်။ မနက်ခင်းအိပ်ယာထနောက်ကျရင် “အအိပ်ကြီးသောနွား အစာရှား” တဲ့။ ရေချမ်းအသိ သူဋ္ဌေးသမီး တစ်ယောက်ကတော့ မိုးဖွဲဖွဲကျနေလို့ ဘားလမ်းကနေ ၃၆ လမ်းမှာ ဗီဒီယိုအခွေအပ်တာကို မာစီဒီးကား သွားလေတယ်။ ဒါကတော့ ဟန်လုပ်လွန်တာမျိုးလို့ ထင်တာပဲ။

လောကီလောကုတ္တရာ ဝိပဿနာအကျင့်တွေကို ကျင့်ကြံနေကြတဲ့ ရဟန်းတော်များဟာ မိမိကိုယ်ကို အနုလုံပဋိလုံ ဆင်ခြင်ပြီး ခန္ဓာကိုယ်ကို ပျက်သုဉ်းခြင်းလို့ပဲ သဘောပေါက်ကြတယ်။ အစားကိုတန်ယုံ စား။ ကာမဂုဏ် ကပ်ငြိစေမယ့် ဖောဋ္ဌအာရုံတွေကို ရှောင်ကျဉ်။ နိဗ္ဗာန်ရောက်ကြောင်းတရားကိုသာ အာရုံ ပြုကြဆောင်ရွက်ကြတယ်။ ရေချမ်းအဖေ သာသနာအကျိုးဆောင်ရွက်ရာ နေရာတိုင်း တတ်အားသမျှ ရေချမ်းပါရတယ်။ များသောအားဖြင့် ကားမောင်းပေးတာ။ ရဟန်းတော်တွေ ဆေးဝါးကုသရာမှာ ကူညီပေး တာ စသည်ဖြင့်ပေါ့။ ရေချမ်းအမြဲ အာရုံထဲမှာရှိတဲ့ ဘုန်းဘုန်းက တောမှီရဟန်းတစ်ပါး။ ဘုန်းဘုန်း ဦးသူရိယက တစ်နေရာထဲမှာ စွဲမြဲမနေဘူး။ လူခြေဆိတ်သုဉ်းတဲ့ တောအရပ်မျိုးကို ရွေးချယ်ပြီးကျင့်ကြံ တယ်။ အဲဒီအရပ်မှာ လူစည်ကားလာတယ်လို့ ယူဆရင်အခြား လူခြေတိတ်တဲ့ နေရာအသစ်ကိုရှာဖွေ ကျင့်ကြံတယ်။ ရေချမ်းနဲ့အဖေ ဘုန်းဘုန်းဆီရောက်သွားတဲ့နေရာက ရမည်းသင်းတဖက်ခြမ်းက မြားပစ် တောင်ဆိုတဲ့အရပ် ရွာကြီးတစ်ရွာအထိ မြေနီလမ်းအတိုင်း ကားမောင်းသွားပြီး ရွာမှာကားကိုရပ်ထားခဲ့ လှည်းနဲ့ ၂ နာရီကျော်ကျော်သွားမှ မြှားပစ်တောင်ကို ရောက်တယ်။

တောင်ကုန်းကြီးတစ်ခုမှာ သဘာဝကျောက်ဂူလေးတွေ ရှိတယ်။ ဘုန်းဘုန်းက တစ်ဂူမှာသီတင်း သုံးပြီး တခြားဂူတွေမှာလဲ ဆိုင်ရာတောမှီရဟန်းတွေ ရှိကြတယ်။ အစပိုင်းတုန်းက ရိုးရိုးကျောက်ဂူကို သစ်သားတံခါးလေး တပ်ထားတာပဲ။ အဖေနဲ့ဘုန်းဘုန်း တွေ့ဆုံပြီးမှ အဖေကကျောက်ဂူအတွင်းမှာ ကြွေပြားကပ် ရေလောင်းကုဋီခန်းတစ်ခု၊ အပြင်ကျောက်ဂူဝမှာ သစ်သားဆောင်လေးတစ်ခု ဆောက်လှူ တယ်။ ဘုန်းဘုန်းတွေက မနက်၇နာရီဆို သပိတ်ပိုက်ပြီး ဆွမ်းခံကြွပြီ။ အနီးဆုံးရွာတွေဆီ ဆွမ်းခံကြွကြ တယ်။ ၁၁ နာရီလောက်ပြန်ရောက်ပြီး ခဏနားနေ၊ ဆွမ်းကိုသင့်ယုံစားပြီး ကျန်တဲ့ဆွမ်းကျန်ဟင်းကျန်တွေ ကိုသပိတ်နဲ့အတူ ကျောက်ဂူရှေ့ကွပ်ပျစ်လေးမှာထားပြီးတည်းက ဂူတံခါးပိတ်ပြီးတရား ဆက်ကျင့်ကြတာ နောက်တနေ့နံနက် ၇နာရီမှပြန်ထွက်တော့တယ်။ ဘုန်းဘုန်းတွေထားခဲ့တဲ့ သပိတ်တွေထဲက ဆွမ်းကျန် တွေကို နွားကျောင်းသားလေးတွေ နွားသိမ်းပြီပြန်ရင်း စားပြီး၊ သပိတ်ကိုဆေးကြော ရေအိုးစင်လေးတွေကို ရေဖြည့်ပေးပြီး သပိတ်ကိုရေအိုးစင်လေးပေါ်မှာ စစ်ထားပေးခဲ့ကြတယ်။ ဘုန်းဘုန်းတွေကိုတွေ့ချင် ပစ္စည်း လေးပါးလှူဒါန်းချင်ကြရင် ဘုန်းဘုန်းတွေ ဆွမ်းခံပြန်တဲ့အချိန်ကို လာစောင့်နေကြရတယ်။ ဘုန်းဘုန်းများ ဆွမ်းစားပြီးချိန် သပိတ်ကိုအပြင်ထွက်ထားတော့မှ ဖူးတွေ့ကြရ၊ စကားပြောကြရတယ်။

ဘုန်းဘုန်း ဥူးသူရိယမှာ အိပ်ယာမရှိဘူး။ ပက်လက်ကုလားထိုင်ပေါ်မှာပဲ တရားမှတ်ရင်း ဥာဥ့်သုံး ယံအနက် တစ်ယံသာကျိန်းစက်ကြတယ်။ သင်္ဃန်း ၃စုံရှိမယ်။ သပိတ်၊ ရေခွက်၊ သွားတိုက်တံ၊ သွားတိုက် ဆေး၊ ဓါတ်မီးနဲ့ ဆေးဝါးအနည်းငယ်ရှိတယ်။ ဖိနပ်နဲ့ထီးရှိပေမယ့် ခရီးသွားမှသာသုံးကြတယ်။ ဥူးသူရိယ မြှားပစ်တောင်မှာ ကြာကြာမနေပါဘူး။ အခြားတောမှီရဟန်းတစ်ပါးကို နေရာပေးခဲ့ပြီး မွန်ပြည်နယ်ဘက်ကို နေရာရွေ့သွားပြန်တယ်။

ဒုတိယဘုန်းဘုန်းက ယာဉ်မစီးကိုယ်တော်လို့ အဖေကခေါ်တယ်။ ဘွဲ့အမည်တော့ မမှတ်မိတော့ ပါ။ မြစ်ချောင်းအင်းအိုင်များ ဖြတ်ကူးတဲ့အခါ လှေ၊ သဗ္ဗာန်ကလွဲလို့ အခြားဘယ်လိုယာဉ်မျိုးကိုမှ မစီးတဲ့ ရဟန်းတော်တစ်ပါးပေါ့။ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ လှည်း ဘာဆိုဘာမှမစီးတာ။ ရန်ကုန်ကနေ မုံရွာကြွ သွားဦးမယ်ဆိုပြီး ကြွသွားလိုက်တာ တစ်လခွဲကြာတယ်။ တောလမ်းမှာ အဖျားကြီးပြီး ဆက်လမ်းမ လျှောက်နိုင်တော့လို့ ဆင်ဦးစီးတွေကတွေ့ပြီး သူတို့ရွာကို လှည်းခေါ်ပြီးပင့်တာကို ငြင်းပယ် တော်မူတယ်။ နောက်ဆုံး အသက် အန္တရာယ်နဲ့နီးကပ်လှပါတယ်ဘုရား၊ ဆေးကုသမှုခံယူမှ ဖြစ်တော့မှာမို့ လက်ခံတော်မူပါဘုရားလို့ တောင်းပန်လွန်းမကတောင်းပန်မှ လက်ခံတယ်။ အာဂဘုန်းဘုန်းတွေပေါ့။

ရေချမ်းတို့များ မနက် ၈နာရီ ၁၅ ရုံးသွားဖို့ အိပ်ယာထတာတောင် ၁၅ မိနစ်လောက်ခိုကပ်ပြီး နှပ်လိုက်သေးတယ်။ Addidas ဖိနပ်လေးတစ်ရံ ဒေါ်လာ ၉၀ ဖိုး ဝယ်မစီးနိုင်သေးတာကို ငါလူဖြစ်ရှုံးလှ ချည့်လို့ထင်မိတယ်။ Bat Ku Teh( နံရိုပေါင်း) တစ်ပွဲ ၆ကျပ်မို့ ဝယ်မစားနိုင်တာကို ဝမ်းနည်းမိသေးတယ်။ အောင်ဆန်းသူရိယလှသောင်းတို့လို သူရဲကောင်းတွေ စစ်ချီရင်း ဆန်ကိုဟန်းကောထဲ ရေစိမ်ပြီးစားခဲ့ရ တာရက် ၂၀ ကျော် ကြာသတဲ့။ တိုက်ရေယာဉ် ၁၀၃ မြုပ်တော့ အသက်မသေဘဲ ကျန်ခဲ့တဲ့ရေတပ် စစ်သားတွေ ၁၄ ရက် အသက်ကယ်ဖောင်နဲ့ မျောနေကြတာ အရည်တွေပျော်နေတဲ့ သကြားလုံးတစ်ထုပ် ပဲ စားစရာအဖြစ်ရှိတယ်တဲ့။ အစားအသောက်သိပ်ဂျီးများ တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရေချမ်းက “မင်းတို့ကောင်တွေ စစ်ဖြစ်ရင်ဘယ်လိုနေကြစားကြ မလဲ” လို့ ခနဲ့တော့ အဲဒီသူငယ်ချင်းက “စစ်မှမဖြစ် သေးတာကွာ။ စစ်ဖြစ်တော့လဲ ရှိတာပဲစားမှာပေါ့။ အခုဟာက ရွေးစရာတွေရှိနေတာကိုး” တဲ့။ အဆိုတစ်ခု ကြားဖူးတယ်။ အစွဲအလမ်းကြီးလွန်းတဲ့၊ သူတစ်ပါးကို အရမ်းချစ်ပြစွဲလမ်းပြတတ်တဲ့ သူတွေဟာ ကိုယ့်ကို ကိုယ်ချစ်တာပဲတဲ့။ ကိုယ့်စိတ်က ဒီလိုစွဲလမ်းလိုက်ရမှ ချစ်လိုက်ရမှ ဖြေသိမ့်နိုင်တာကြောင့် မချစ်လိုက်ရ ရင်ကိုယ်ပဲစိတ်မချမ်းသာမှာမို့ သူများကိုချစ်ပြကြတာတဲ့။ မိသားစုကို သံယောဇဉ်သိပ်ကြီးလွန်းတဲ့ ရေချမ်း အတွက် မေးခွန်းတွေအစီအရီ ပေါ်လာရပြန်ပါတယ်။ ချစ်တတ် သနားတတ်တဲ့ နှလုံးသားကို ဥပေက္ခာ တရားနဲ့ ရင်းနှီးအောင် နတ်ကောင်းနတ်မြတ်များ စွမ်းဆောင်ပေးတော်မူကြပါဘုရား။

ရချမ်း

No comments: