Tuesday, September 9, 2008

Pre-production

အခု ဒီသင်နေတဲ့ Software တွေအားလုံး ဘယ်လိုအသုံးဝင်သလဲ။ ဒီ Software တွေမှာ အခြေခံအကျဆုံး ဘာတွေသိသင့်သလဲ။ ကျွန်တော်တို့ဟာ Digital Video သမားတွေလို့ ခေါ်လို့ ရတဲ့အတွက် Digital Video Technology ဟာ ဘယ်ပညာရပ်မှာပဲဖြစ်ဖြစ် Editing မှာလဲ သိသင့်တာပါပဲ။ After Effect မှာဆိုရင်လည်း သိသင့်တာပါပဲ။ 3D သမားတွေတောင်မှ Digital Video အကြောင်းကိုမသိတဲ့အခါမှာ Output ထုတ်တဲ့အခါမှာ အခက်အခဲတော်တော်များများ ရှိပါ တယ်။ ဒီနေ့က ဘာကို အခြေခံပြီးပြောပြမလဲဆိုတော့ လက်ရှိကိုင်တွယ်သုံးစွဲနေတဲ့ Software တွေအားလုံးဟာ ဘယ်လိုနေရာမှာ ဘယ်လိုအသုံးပြုရတယ်။ ဘယ်လိုအသုံးဝင်လာသလဲ ဆိုတာကို ကျွန်တော်ရှင်းပြမယ်။
ကျွန်တော်တို့လောကမှာ အပေါ့ပါး၊ အသက်သာဆုံးကတော့ TV ကြော်ငြာပါပဲ။ သူက Duration နည်းတယ်။ အနည်းဆုံး ဆယ်စက္ကန့်ကနေ အများဆုံး လေးမိနစ်လောက်ထိ တွေ့နိုင် တယ်။ လေးမိနစ်ဆိုတဲ့ အတိုင်းအတာဟာ အပြင်မှာဆိုရင် သီချင်းတစ်ပုဒ်စာပဲ ရှိပါတယ်။ ဆယ်စက္ကန့်ဆိုတာဟာ Duration အားဖြင့် အတော်နည်းတာပေါ့။ ဒါပေမယ့်လည်း ကြော်ငြာဖြစ် တဲ့အတွက် ဆယ်စက္ကန့်လောက်ပဲ အချိန်ယူပြီးလုပ်ရတယ်။ ကိုယ်က တကယ်အလုပ်လုပ်မယ်ဆို ရင် အမျိုးမျိုးတွေ့ရမယ်။ ကြော်ငြာသမားတွေနဲ့ တွေ့ရမယ်။ သီချင်းသမားတွေနဲ့လည်း တွေ့ရမယ်။ ဗီဒီယိုသမားတွေ၊ ရုပ်ရှင်သမားတွေနဲ့လည်း တွေ့ရမယ်။ ကြော်ငြာလည်း ဆက်ရမှာပဲ။ သီချင်းဆိုလည်း ဆက်ရမှာပဲ။ ဗီဒီယိုဆိုလည်း ဆက်ရမှာပဲ။ ဒီဗွီဒီ ရုပ်ရှင်ဆိုလည်း ဆက်ရမှာပဲ။ ဒီကြားထဲ Documentary တို့ အလှူ၊ မင်္ဂလာဆောင်တို့လည်း ဆက်ချင်ဆက်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကြော်ငြာဟာ ကျွန်တော်တို့အတွက် အသေးဆုံးပဲ။ အဲဒီကြော်ငြာတစ်ခုကို စပြီးစဉ်းစားကြည့်ရအောင်။
ကြော်ငြာတစ်ခုဟာ ဘာအရေးပါသလဲ။ ပထမဆုံးဖြစ်စဉ်ကတော့ ကြော်ငြာဟာ နံပါတ်တစ် ဘာမှစမလုပ်ခင်မှာ ခေါင်းထဲမှာ Idea တစ်ခုရှိဖို့အရေးကြီးတယ်။ ဒီ White Board နဲ့ Marker နဲ့ကို ကုမ္ပဏီတစ်ခုက ထုတ်တာ။ အဲဒါတွေကို ပြည်သူလူထုသုံးစွဲအောင် ကျွန်တော်တို့ ကြော်ငြာချင်တယ်။ White Board နဲ့ Marker ဆိုတာ ဘယ်ကနေပြောင်းလဲလာတာလဲဆိုရင် ဟိုးအရင်တုန်းကဆိုရင် ကျောက်သင်ပုန်းရယ် မြေဖြူရယ် ဒါမှမဟုတ်ရင် ကျောက်သင်ပုန်းရယ် ကျောက်တံရယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေမှာ ကျောက်သင်ပုန်းရယ် မြေဖြူရယ် မသုံးတော့ ဘဲနဲ့ White Board နဲ့ Marker သုံးပါဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ ကြော်ငြာချင်တယ်။ နံပါတ်တစ်ကတော့ Idea ပါပဲ။ ဘာမှစ မလုပ်ရသေးဘူး။ ကိုယ်က ကုန်ပစ္စည်းတစ်ခု ထုတ်လုပ် ထားတယ်။ ကိုယ်က ကိုယ့်စက်ရုံမှာ လက်ရှိရောင်းစရာ White Board နဲ့ Marker အဆင်သင့် အစုံ တစ်သိန်းရှိတယ်ဆိုရင် ဒီအစုံတစ်သိန်းကို ပြည်သူလူထုလက်ထဲကို ဖြန့်ချိဖို့အတွက်ကို ပထမဆုံး ကြော်ငြာကို စဉ်းစားရမယ်။ လုပ်ငန်းပိုင်ရှင်တစ်ယောက်ဟာ သူ့ကိုယ်ပိုင် အနုပညာပိုး ရှိတယ်ဆိုရင် သူကိုယ်တိုင် အဲဒီ Idea ကိုစဉ်းစားချင် စဉ်းစားမယ်။ သူ့မှာဘာမှ အနုပညာအခြေခံ မရှိဘူးဆိုရင် သူက ကြော်ငြာ ဒါရိုက်တာဆီကိုသွားမယ်။ အချို့ကျတော့ နယ်ကလာရတယ်။ ကြော်ငြာဒါရိုက်တာတွေ ဘာတွေဘာမှ အဆက်အသွယ်မရှိတဲ့အတွက် အဲဒီလိုမျိုး လုပ်ငန်းရှင် တွေနဲ့ ဒါရိုက်တာတွေကို ချိတ်ဆက်ပေးတဲ့ Media Agency ဆိုတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အမှန်ကတော့ ပွဲစားပေါ့။ အဲဒီ Media ကိုအပ်လိုက်တယ်ဆိုရင် အဲဒီ Media ကပဲ ကြော်ငြာကို အစအဆုံး တာဝန်ယူပြီးတော့ လုပ်ပေးတာ တွေ့ရတယ်။ တကယ်တမ်းကျတော့ Media ဆိုတာ ဘာမှမရှိဘူး။ လူတစ်ယောက်ရယ်၊ ခုံတစ်လုံးရယ်ပဲ ရှိတယ်။ သူကနေပြီးတော့မှ တဆင့် ကြော်ငြာ ရိုက်ကူးတဲ့ဆီကို ချိတ်ဆက်ပေးတယ်။
ထားပါတော့။ ကြော်ငြာလုပ်ငန်းရှင်ဟာ ဒါရိုက်တာနဲ့တွေ့သွားပြီ။ နံပါတ်တစ်က Idea တဲ့။ ဒါရိုက်တာနဲ့ အဲဒီလုပ်ငန်းရှင်နဲ့ဟာ Idea ကို အရင်ဆုံးစဉ်းစားကြတယ်။ ဘယ်လိုရိုက်မှာလဲ။ ဒါရိုက်တာကပြောပြလိုက်တယ်။ ဥပမာ မင်းသားမင်းသမီးလည်း ပါချင်တယ်။ ကျွန်တော့် ကုန်ပစ္စည်းလည်းပါချင်တယ်။ ကျွန်တော့်ကို ကြော်ငြာရိုက်ပေးပါ။ မင်းသမီးလေးက ကျောင်ဆရာမ လေးပေါ့ ။ သူက စာသင်နေရင်းနဲ့ မြေဖြူမှုန့်တွေ နှာခေါင်းထဲဝင်တဲ့အတွက် ချောင်းဆိုးလိုက် တယ်။ အဲဒီအချိန်မှာ မင်းသားဆရာကနေပြီးတော့ ဆရာမ ၊ ဒီမြေဖြူတွေ ကျောက်သင်ပုန်းတွေ မသုံးနဲ့တော့လေ။ White Board နဲ့ Marker ဟာ ကျန်းမာရေးအတွက် ကောင်းတယ်။ ဒါကို သုံးကြည့်ပါလားလို့ပြောတဲ့အခါမှာ ဆရာမက စိတ်ချမ်းချမ်းသာသာနဲ့ White Board နဲ့ Marker နဲ့ စာသင်တယ်ဆိုတဲ့ အကြမ်းဖျဉ်း Idea တစ်ခုကိုရတယ်။ ဒါရိုက်တာက အဲဒီလိုတွေးလိုက်တယ်။ ငါကတော့ဖြင့် ဒီဟာကို ဒီလိုတင်ပြရင်ကောင်းမယ် ဆိုပြီးတော့ လုပ်ငန်းရှင်ကို ပြောပြလိုက်တယ်။ လုပ်ငန်းရှင်ကလည်း အဲဒါကိုကြိုက်တယ်။ ဟုတ်ပြီ၊ ဒါရိုက်တာကြီး အဲဒါကိုရိုက်ပါ။ အဲဒီလို ဒါရိုက်တာဟာ လုပ်ငန်းရှင်ကြီး သဘောတူညီမှုကို ရယူပြီးတာနဲ့ သူဟာ ဘာလုပ်လဲဆိုတော့ ဒီ Idea ဟာ Story လို့လည်းပြောလို့ရပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုမှာဆိုရင် ဒါဟာ ဝတ္ထု၊ ဒါဟာ ဇာတ်ညွှန်းပေါ့။ ဝတ္ထုကို ကိုင်ပြီးတော့ ရုပ်ရှင်ရိုက်လို့မရဘူး။ ဝတ္ထုကို အရင်ဆုံး ဇာတ်ညွှန်းခွဲရ တယ်။ ကျွန်တော်တို့ဆီမှာကျတော့ Idea ပြီးမှ။ Script ရေးရတယ်။ Script ဆိုတဲ့ ဇာတ်ညွှန်းမှာ ကျတော့ ဘာတွေပါလဲဆိုရင် ဥပမာ အခန်းတစ်၊ မင်းသမီးစာသင်နေ - နေရာက ကျောင်းခန်း အတွင်း - လှုပ်ရှားမှုက မင်းသမီးက စာရေး၊ အခန်းနှစ် ၊ မင်းသမီးက ကျောက်သင်ပုန်းကို ဖျက်လိုက်တဲ့ အချိန်မှာ ချောင်းဆိုးသွားတယ် ၊ မြေဖြူမှုန့်တွေဝင်ပြီးတော့။ အခန်းသုံး မင်းသား ရောက်လာတယ်။ အဲဒီလိုစာနဲ့ ချရေးလိုက်တာကို Script လို့ခေါ်တယ်။ မြန်မာလိုဆိုရင် ဇာတ်ညွှန်းလို့ခေါ်တာပေါ့။ ဒါပေမယ့် ကြော်ငြာမှာဆိုရင် Story Board ဆိုတာ တစ်ခုကို ထပ်ပြီး ဖန်တီးကြတယ်။ Story Board ကျတော့ ဘာတွေဖြစ်လာပြီလဲဆိုတော့ သူက အကွက်လေးနဲ့ အရုပ်လေးတွေ၊ မင်းသမီးလေးက ကျောက်သင်ပုန်းပေါ်မှာ စာရေးနေတယ်။ ဘေးမှာ နေရာတို့၊ ပါဝင်သူတို့ ၊ အကြောင်းအရာတို့ စာနဲ့ချရေးတယ်။ ဒုတိယမှာကျတော့ မင်းသမီးလေးစာရေးနေ တာကို အကျပ်ပြလိုက်တယ်။ Camera Angle ပြောင်းသွားပြီ။ အခုနတုန်းက မင်းသမီးကို ခါးတဝက်လောက်က မြင်ရတာ။ ဒါကကျတော့ မင်းသမီးကို ရင်ဘတ်ကနေမြင်ရတာ။ အဲဒီမှာ မင်းသမီးလေးက ကျောက်သင်ပုန်းကို ဖျက်လိုက်တယ်။ ချောင်းဆိုးသွားတယ် စသည်ဖြင့် အခန်း စဉ် အခန်းစဉ်အလိုက် ပုံအနေနဲ့ ပြပြီးတော့ ရေးတာကို Story Board လို့ခေါ်တယ်။ အဲဒီ Story Board တစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုက်တယ်။ Story Board ထိရောက်ပြီဆိုရင် ဒါရိုက်တာ ဟာ ရိုက်ကူးဖို့အတွက်ကို ပြင်ဆင်မှုတစ်ခု ပြီးဆုံးသွားပြီလို့ မှတ်ယူလို့ရတယ်။
အဲဒီ ပြင်ဆင်မှုကို Pre – production လို့ခေါ်တယ်။ ရိုက်ကူးမှုမစမီ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းပဲ။ စာရွက်ပေါ်မှာ ရိုက်ကူးမှုတွေကို လုပ်လိုက်တဲ့လုပ်ငန်း။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လောကမှာ ရိုက်ကူးရေးလုပ်တယ်ဆိုတာ သိပ်ကိုအကုန်အကျများတယ်။ တစ်ရက် စာရိုက်ရင် ပိုက်ဆံသိန်းပေါင်းများစွာ ကုန်ကျတယ်။ အဲဒီအတွက် အမှားအယွင်းခံလို့ မရဘူး။ ဘယ်အချိန်မှာ ဘယ်နေရာကို ဘယ်လိုရောက်ရမယ်၊ ဘယ်ပစ္စည်းပါလာရမယ်၊ ဘယ်မင်းသမီးက ဘာကိုဝတ်လာရမယ်။ ကင်မရာအတွက် မီးဘယ်နှစ်လုံး၊ အဲဒီမီးတွေကို ကိုင်ဖို့အတွက် လူက ဘယ်နှစ်ယောက်။ နေ့လည်ဆယ့်နှစ်နာရီမှာ ထမင်းစားဖို့အတွက် ဘယ်မှာ ထမင်းဘယ်နှစ်ပွဲ၊ သယ်ဖို့ကားက ဘယ်နှစ်စီး စသည်အားဖြင့် အားလုံးကို စီစဉ်ထားတာဖြစ်တယ်။ တစ်ခုမှ လွဲလို့ မရဘူး။ အဲဒီအချိန်မှာ တစ်စုံတစ်ခုလွဲချော်လိုက်တာနဲ့ ရိုက်ကွင်းတစ်ရက်ထပ်ပြီးတော့ ရွေ့လိုက် တာနဲ့ ကုန်ဆစရိတ်ဟာ နှစ်ဆဖြစ်သွားတယ်။ ဒါကြောင့် သိပ်ကို အန္တရာယ်ကြီးတဲ့အတွက် ရိုက်ကူးရေးတွေ မစမီမှာ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို အပြီးအထိလုပ်ရတယ်။

No comments: