Friday, September 5, 2008

Tea shop of the hill-top town

တောင်ပေါ်မြို့လေးရဲ့ လဘက်ရည်ဆိုင်

ရေချမ်းအဖိုး ဦးအောင်ကြိုင် (ခ) ဦးဟုတ်လှိုင်ဟာ အသည်းကင်ဆာနဲ့မကွယ်လွန်မီ ၆လခန့်အထိ န အက္ခရာ 323 ကားလေးတစ်စီးနဲ့ နံနက်တိုင်းကျောက်မြောင်းဘက်ကို သွားတယ်။ သူငယ်ချင်းအဖိုးကြီး တချို့နဲ့ လဖက်ရည်သောက်တယ်။ ချဲတွက်ကြတယ်။ သတိပဋ္ဌာန်တဝိုက် ကားဈေးအတက်အကျ ဝယ်လို အားရောင်းလိုအား လိုက်ကြည့်ကြတယ်။ အသက် (၇၀) ကျော်ပြီပေါ့။ မြိတ်သားဆိုတော့ အပေါင်းအသင်း တွေတော်တော်များများ မြိတ်သားအဖိုးကြီးတွေ။ အိမ်ထဲဝင်လာတာနဲ့ ပုဆိုးကိုဘယ်လက်နဲ့မပြီး “ လီရေး၊ နင့်မေလူး” ဆိုတာမျိုးစပြီး နှုတ်ဆက်ကြတော့တာကိုး။ သူတို့စကားပြောကြရင် ဘေးကလိုက်နားထောင်ရ တာအမော။ ပြီးတော့ ညီအစ်ကိုတွေ လိုက်ပြောကြည့်ကြ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးရယ် ကြ။ အချို့ကိုကောင်းကောင်း မှတ်မိပါသေးတယ်။ “ နဲ့ထောင်လိုင်းရမယ် ”(နှစ်ထောင်အလိုက်ပေးရမယ်) “ဘောပွိုင်း” (ဘောပင်) ဆိုတာမျိုး။ အဖိုးကမျက်နှာချိုပေမယ့် ဟက်ဟက်ပက်ပက် ရယ်ခဲလှတယ်။ သူသ ဘောသိပ်ကျရင် နှုတ်ခမ်းကို ဝလုံးလိုရှေ့ထုတ်စူပြီး ပြုံးပြုံးပြုံးပြုံးလုပ်လေ့ရှိတယ်။

အဖိုးမှာ အသည်းကင် ဆာဖြစ်နေပြီ သိပ်မနေရတော့ဘူးဆိုတဲ့သတင်းကိုကြားပြီး ရေချမ်းခွင့်ယူပြီး သင်္ဘောကနေပြန်လာချိန် ထမင်းစားချိန်စားပွဲမှာ ဆန်ပြုတ်သောက်နေရှာတဲ့ အဖိုး(အဖေကြီး)ကိုမြင်တော့ ရေချမ်း မျက်ရည်လည်မိတယ်။ ဒါပေမယ့် အဖိုး(အဖေကြီး) မသိအောင်နောက်ဖေး ဘေစင်မှာ မျက်နှာ သစ် မျက်နှာရေမသုတ်ဘဲ အဖိုးကို စကားပြောရတယ်။ ၁၉၅၀ ဝန်းကျင်က သူဋ္ဌေးလေး ဦးဟုတ်လှိုင်၊ Austin ကားကို အင်္ဂလန်က အသစ်မှာစီးတဲ့ သင်္ဘောလုပ်ငန်းရှင် သူဋ္ဌေးလေး ဦးဟုတ်လှိုင်၊ ဘဝနေဝင်ချိန် ကိုစောင့်နေရရှာတယ်။ အဖိုးကွယ်လွန်ချိန်အထိ အဖွားဒေါ်စန်းရီက သဇင်ပန်းစိုက်နိုင်တုန်း။ အိမ်ရှေ့ခန်း ကွပ်ပျစ်ပေါ်မှာ ရေချမ်းတို့က သဇင်တိုင်ကို အလျားလိုက်တင်ပေး၊ အဖွားက ချင်းပြည်နယ် ပလက်ဝကလာတဲ့ သဇင်ဥ တွေကို သစ်သားတုံးကလေးနဲ့ ထုပြီးစိုက်၊ ၆ပေလောက်မြင့်တဲ့ သဇင်တစ်တိုင်ကို ဥ ၁ ပိဿာနီးပါးဝင် တယ်။ သစ်သားတုံးကလေးနဲ့ မထုခင် ဥကိုငြိမ်သွားအောင် အုန်းလက်တံနဲ့ ဖိထိုးထည့်ဖို့ အဖွားဘယ် လက်မှာ အ၀တ်ပတ်ကလေးစီးထားရတယ်။ လက်မနာအောင် ခပ်ထူထူလေးပေါ့။ သဇင်တွေဝေနေချိန်ဆို ငှက်ပျောရွက်ခင်းထားတဲ့ ဗန်းကလေးကိုင်ပြီး သဇင်ပန်းခူးတတ်တဲ့ အဖွားက အဖိုးဆုံးပြီး ၁နှစ်ကြာတဲ့အခါ အဖိုးလိုပဲ အသည်းကင်ဆာနဲ့ ဆုံးပါးရှာတယ်။ အဖိုးအဖွား မရှိတော့တဲ့နောက် ရေချမ်းတို့ ဝမ်းကွဲညီ အစ်ကိုတွေလည်း တကွဲတပြားစီ ဖြစ်ကြရတယ်။

အခုတော့ကိုယ်ကိုယ်တိုင်တောင် ဇနီးနဲ့သမီးနဲ့ ကိုယ်ပိုင်မိသားစုဘဝကို ထူထောင်နေကြရတဲ့ အချိန်ကိုရောက်လာခဲ့ပြီ။ ကိုယ့်ရဲ့နောက်ဆုံးအချိန်တွေကို ဘယ်နေရာမျိုးမှာ ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်း ရမယ်ဆိုတာ ကြိုမသိနိုင်ပေမယ့် ဖြစ်နိုင်မယ်ဆိုရင် သိပ်ကိုအေးချမ်းတဲ့ တောင်ပေါ်မြို့လေး တစ်မြို့မှာ ခေါင်းချချင်တယ်။ မြန်မာပြည်ရဲ့ တောင်ပေါ်မြို့လေးတစ်မြို့ပေါ့။ ကိုယ်ပိုင်ခြံကလေးနဲ့ တစ်ထပ်အိမ်က လေးနဲ့ ခြံထဲမှာပန်းပင် သီးပင်စားပင်တွေစိုက်လို့။ မျက်စိတွေကောင်းနေသေးရင် ကွန်ပျူတာလေးနဲ့ အင်တာနက်လေး ဘာလေးသုံးချင်သေးတယ်။ အနီးအနားက ဘုန်းကြီးကျောင်းကို လမ်းလျှောက်ပြီး တရားနာ သီလယူ ဥပုသ်စောင့်။ လင်မယားနှစ်ယောက် မရှိမရှားလေးဆိုလည်းဖြစ်ပါတယ်။ အိမ်နားမှာ လဖက်ရည်လေး တစ်ဆိုင်ရှိရမယ်။ ကိုယ့်လိုအဖိုးကြီးတွေစုပြီး အာထုကြမယ်။ အဲဒီအချိန်ကိုယ်က အသက်(၇၀) ဆိုရင် 2048 ခုနှစ်လောက်ရှိရောပေါ့။ အဖိုးကြီးတွေဆုံရင် ဘာအကြောင်းတွေ ပြောဖြစ်ကြ မလဲ။ 1 TB/second လောက် မြန်တဲ့ အင်တာနက်က မဟုတ်တရုတ် video clip တွေအကြောင်း၊ တလောကမှ မြန်မာပြည်စရောက်တဲ့ ကားပျံတွေအကြောင်း၊ လက်သည်းခွံလောက်ပဲရှိတဲ့ HDTV အိပ် ဆောင် ကင်မရာနဲ့ ဆရာတော့် မွေးနေ့ပွဲကိုရိုက်ပေးဖို့အကြောင်း၊ စင်ကာပူနိုင်ငံ ပင်လယ်အောက်ထဲ ရောက်ခါနီးတဲ့အကြောင်း စသည်ဖြင့် စသည်ဖြင့်ပေါ့နော။ အာဘောင်အာရင်း သန်သန်နဲ့ အားရပါးရပြော နေတုန်း စားပွဲပေါ်က လက်ကိုင်ဖုန်းကနေ သမီးဝမ်ဝမ့်က Hologram နဲ့အဖေကို သိပ်အအေးမခံဖို့ လှမ်း ပြောချင်ပြောနေဦးမှာ။ အဓိက ကတော့လူဆိုတော့ လူအချင်းချင်းလည်း တွေ့ဆုံပြောချင်တဲ့အမျိုးကိုး။ Face book တို့ Friendster တို့မှာ တွေ့ကြဆုံကြတာ သိပ်အရသာမရှိလှပေါင်ဗျာ။ ဒါကြောင့် Global Village ဆိုတဲ့ကိစ္စက ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာမှာသာ ကောင်းတာမျိုးလို့ ရေချမ်းခံယူတယ်။ အဖိုးတန်လှတဲ့ Social Value တွေကို ဘယ်လိုတည်ဆောက်ယူကြရမလဲ ဆိုတာကို အနောက်နိုင်ငံသားတွေ အာရုံစိုက်နေကြနေချိန်မှာပဲ အရှေ့တောင်အာရှတလွှားကတော့ Materialism (ရုပ်ဝတ္ထုဝါဒ) ကို ကိုးကွယ်သူ ပိုပိုများများလာပါတယ်။ Free Thinker (လွတ်လပ်စွာတွေးခေါ်သူ) တနည်းအားဖြင့် ဘာသာရေးရဲ့ အချုပ်အနှောင်ကိုမခံဘဲ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်ဖို့ ဘာသာမဲ့ဝါဒ ကို နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုလို တပ်မက်လာကြတယ်။ ကိုယ့်အတ္တကိုယ် ဗဟိုပြုခြင်းအားဖြင့် လောက နိယာမတွေကို ဆန့်ကျင်ကြတယ်။ အဆိုးအကောင်း အကျိုးအကြောင်းတွေကို တရားလွန်အာရုံစိုက်လာ ကြတယ်။ ကံကံ၏အကျိုး၊ အတိတ်ကံ၊ ပစ္စုပ္ပန်ကံတွေကို မယုံကြည်ကြတော့ဘူး။ ငါသည်ကမ္ဘာကြီးကို ရောက်လာ၏။ သူများလုပ်ကိုင်နေသလို ငါလိုက်လုပ်နိုင်ရမယ်။ သူများဖြစ်သလို ငါဖြစ်ရမယ်ဆိုပြီး သတ္တဝါ တစ်ခုကံတစ်ခုဆိုတဲ့ လောကဓမ္မတာကို ကျောခိုင်းလာကြတယ်။

နိုင်ငံခြားအလုပ်သမားအဖြစ် နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ ရေချမ်းအနေနဲ့ တတိယအရွယ် အတွက် စိုးရိမ်စိတ်တွေ ပိုပိုလာရတယ်။ တိုးတက်လှချည်ရဲ့ ကောင်းမွန်လှချည်ရဲ့ တော်လှတတ်လှချည် ရဲ့လို့ ကြွေးကြော်နေကြတဲ့ စင်ကာပူနိုင်ငံသား Senior Citizen တော်တော်များများဟာ သားသမီးတွေ အလုပ်သွားချိန်တိုင်း စားစရာသောက်စရာနဲ့ HDB တိုက်အောက်ဆင်းနေကြရတာတွေ၊ ဆေးရုံပေါ်မှာ လူနာလာကြည့်မယ့်သူမရှိလို့ မချိမဆံ့ဝေဒနာခံစား အော်ဟစ်ရင်းသေဆုံးသွားကြရတာတွေကို မြင်တိုင်း ရေချမ်းအတွေးစိတ်ကူးမှာ တောင်ပေါ်မြို့ကလေးရဲ့ လဘက်ရည်ဆိုင်လေးကို သွားနိုင်ဖို့အရေး ငါဘာ တွေပြင်ဆင်ရတော့မယ် ဘာတွေပြောင်းလဲပစ်ရတော့မယ် ဆိုတာပဲ တွေးတွေးနေမိပါတော့တယ်။ 

ရချမ်း

No comments: