Sunday, August 24, 2008

Sink

နွံ

မနက်စောစော
မုန့်ဟင်းခါးစားသူ
အာလူးစားသူ
ဆန်ပြုတ်စားသူ
ငိုသံနဲ့ဘ၀ကိုစခဲ့ကြ
စိတ်အမာရွတ်တွေကလည်း
ကျွဲပခုံးထလို့

ကြိုးတန်းပေါ်လမ်းလျှောက်ကြရတယ်
ခနော်ခနဲ့ယဉ်ကျေးမှုငြမ်း
ဆဋ္ဌမအသိစိတ်ဟန်ချက်
ကာမဂုဏ်ပုလင်းခွံများထဲ
လောကပရမတ္တတရား
ဘယ်လိုရှာရှာ
ဘယ်မှာတွေ့လိမ့်မလဲ

ပြည့်အင့်လေးလံလှတယ်
ကကြိုးပျက်အသိုက်အမြုံထဲ
နေ၀င်မိုးချုပ်
ခန္ဓာရုပ်အတွက်ရင်းစား
လိပ်ပြာမလှဘ၀ထွေထွေ

တတိယလှိုင်းလည်းဖြတ်ခဲ့ပြီ
သတီစရာစိုးစဉ်းရှိပေလိမ့်
မီးကူးခဲ့မောဟလောင်စာများ
တနေ့စာဟောကိန်းထုတ်ပုံငဲ့
ဇရာအလာ အခါနှောင်းခဲ့ကြ
ခဏ
တဘဝ
အနန္တ ။      ။
     ရေချမ်း
သြဂုတ် ၂၄ ၂၀၀၈

No comments: